ကျိုးသွားတဲ့ အရိုးတွေက ပြန်ဆက်နိုင်လား
အရိုးတွေဆိုတာ ခန္ဓာကိုယ်ရဲ့ ထောက်တိုင်တွေလိုပဲ အရေးကြီးပါတယ်။ ဒီအရိုးတွေ ကျိုးသွားတဲ့အခါ ခန္ဓာကိုယ် ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ အမှီအခို ကင်းကင်းနဲ့ သွားလာနေထိုင်မှုတွေ အပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။ တစ်ခုခုနဲ့ ထိခိုက်မိလို့ အခန့်မသင့် အရိုးကျိုးသွားတာပဲ ဖြစ်ဖြစ်၊ အရိုးပွလို့ပဲ ဖြစ်ဖြစ် အရိုးတွေကျိုးတဲ့အခါ အရိုးတွေက တကယ်ကော ပြန်ဆက်နိုင်ရဲ့လား?
အရိုးတွေ ပြန်ဆက်နိုင်ဖို့ ဘာတွေ လိုအပ်လဲ ?
အရိုးတွေ ကျိုးသွားတဲ့အခါ များသောအားဖြင့် ပုံမှန် သဘာဝအတိုင်း ပြန်ဆက်သွားနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်နဲ့ အညီ သေချာ လိုက်နာနေထိုင်မယ်၊ အစားအစာတွေကို သေချာ ဂရုတစိုက် စားသုံးမယ် ဆိုရင် ကျိုးသွားတဲ့ အရိုးတွေ ပြန်ကောင်းသက်သာဖို့ (၆) ပတ် ကနေ ( ၈ ) ပတ်ထိ ကြာမြင့်နိုင်ပါတယ်။ အရိုးတစ်ခု ကျိုးသွားလို့ ပြန်ဆက်ဖို့ဆိုရင် အဆင့် (၄) ဆင့် ရှိပါတယ်။
အဆင့်(၁) - ကျိုးသွားတဲ့ နေရာတစ်ဝှိုက်မှာ ရောင်ရမ်းလာပြီး ပိုးတွေကို သတ်ဖို့နဲ့ ခုခံဖို့အတွက် ထွက်လာတဲ့ ဆဲလ်တချို့က အရိုးတွေ ပြန်ဆက်လာဖို့ အတွက် အထောက်အကူ ပြုပေးပါတယ်။
အဆင့်(၂) - အရိုးတွေ ကျိုးသွားတိုင်း ပေါ်လာတတ်တဲ့ ကျီးပေါင်း အစိုင်အခဲ (Callus) လေးတွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဒီအစိုင်အခဲလေးတွေက ကျိုးသွားတဲ့ အရိုးတွေကို ပုံစံတကျ ပြန်ဖြစ်စေဖို့နဲ့ အပြင်ကနေ ထိန်းပေးထားပါတယ်။
အဆင့်(၃) - ကျီးပေါင်း အစိုင်အခဲ အပျော့လေးက အရိုးလောက်နီးပါး မာသွားပြီး အရိုးအသစ် ဖြစ်လာမဲ့ ဆဲလ်လေးတွေကလဲ စထွက်လာပါတယ်။
အဆင့် (၄) - အသစ်အသစ်သော အရိုး တစ်သျှူးတွေ အစားထိုးလာပြီး ပုံစံပြန်ချတဲ့ ဖြစ်စဥ် (Bone Remodeling) ပဲ ဖြစ်ပါတယ်။
အရိုးတွေ ပြန်ဆက်နိုင်ဖို့ ဆိုရင်👇
- ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ပါနဲ့။
- သွေးလှည့်ပတ်မှုကောင်းအောင် နေပါ။
- ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပေါကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ။
- ပရိုတင်းဓာတ် ပါဝင်တဲ့ အစားအစာတွေ စားပေးပါ။
- ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။
အရိုးတွေ ကျိုးသွားတဲ့အခါ ပုံမှန်အတိုင်း ပြန်မကောင်းလာတော့မှာကို လူတိုင်း ကြောက်ကြပါတယ်။ တကယ်လို့ အရိုးအထူးကု ဆရာဝန်တွေရဲ့ ညွန်ကြားချက်တွေကို လိုက်နာမယ်၊ သေသေချာချာ ဂရုတစိုက်နေမယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန်နဲ့ အရိုးတွေ ပြန်ဆက်နိုင်မှာ ဖြစ်တဲ့အကြောင်း ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)